၁၉၂၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် (၁) ရက်နေ့တွင် မွေးဖွားခဲ့သော ဆင်ခြောက်ကောင်ဖိနပ်လုပ်ငန်း၏ ဦးဆောင်သူ ဦးဟန်သိန်း၏ ငယ်ဘဝသည် အစပိုင်းတွင် ချောမွေ့မနေခဲ့ပါ။ မိခင်ဝမ်းထဲရှိစဉ်ကတည်းက မိဘနှစ်ပါး သဘောထားမတိုက်ဆိုင်၍ လမ်းခွဲခဲ့ကြသဖြင့် ဖခင်မရှိဘဲ မိခင်တစ်ဦးတည်း၏ ပြုစုစောင့်ရှောက်မှု၊ မေတ္တာအရိပ်အောက်တွင်သာ ကြီးပြင်းခဲ့ရသည်။
ခက်ခဲလှသော ထိုခေတ်ကာလတွင် မိခင်ဖြစ်သူက သူမတတ်ကျွမ်းသည့် "စက်ချုပ်ပညာ" လေးတစ်ခုတည်းဖြင့် သားဖြစ်သူကို ရုန်းကန်ပျိုးထောင်ကာ ပညာသင်ကြားပေးခဲ့သည်။ သူသည် နိုင်ငံကျော်ပန်းချီဆရာကြီး ဦးဘသက်နှင့် အလင်္ကာကျော်စွာ မြို့မငြိမ်းတို့ကဲ့သို့သော ပုဂ္ဂိုလ်ထူးများ မွေးထုတ်ရာ 'ရှေ့တော်ပြေးဝင်း' မူလတန်းကျောင်းနှင့် လမ်း ၃၀ ရှိ 'နေရှင်နယ်အမျိုးသားကျောင်း' တို့တွင် ၆ တန်းအထိ ပညာသင်ကြားခဲ့ပြီး မန္တလေး၏ ယဉ်ကျေးမှုဓလေ့များနှင့်အတူ ကြီးပြင်းခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း စစ်ပြေးဒုက္ခသည်ဘဝဖြင့် နန်းတော်ရှေ့သို့ ရောက်ရှိနေစဉ်တွင်လည်း ဝမ်းရေးအတွက် အရှုံးမပေးဘဲ နန်းတော်ရှေ့ဆရာတင်၏ အရင်းနှီးဆုံးမိတ်ဆွေ ဆရာဦးသာဒွန်ထံတွင် ဆံပင်ညှပ်ပညာကို သင်ယူခဲ့သည်။ ခက်ခဲသော စစ်တွင်းကာလတစ်လျှောက် ဘီအိုင်အေ (BIA) နှင့် ဘီဒီအေ (BDA) ရဲဘော်များကို ဆံပင်ညှပ်ပေးရင်း ဘဝကို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့သည်။
စစ်ပြီးခေတ်တွင် ဦးဟန်သိန်းသည် "လူတွေရှိနေသရွေ့ ဖိနပ်ဆိုတာ လိုအပ်နေဦးမှာမို့ ဘယ်တော့မှ မတိမ်ကောနိုင်တဲ့ ပညာ" ဟု မျှော်မြင်ကာ ဘကြီးဖြစ်သူ ဦးလှကျော်၏ ‘စောင်းကောက်’ ဖိနပ်လုပ်ငန်းတွင် ဝင်ရောက်၍ ဖိနပ်ပညာကို အစမှအဆုံး ထဲထဲဝင်ဝင် သင်ယူခဲ့ပြီး မန်နေဂျာတစ်ဦးအဖြစ်အထိ စွမ်းဆောင်ရည်ပြသနိုင်ခဲ့သည်။
၁၉၅၅ ခုနှစ် စက်တင်ဘာလတွင် မိမိကိုယ်ပိုင်ရပ်တည်ရန် ‘စောင်းကောက်’ မှ ခွဲထွက်ခဲ့သော်လည်း ယခင်လုပ်ငန်း၏ နာမည်ကျော်ကြားမှုကို ဆင်တူရိုးမှားဖြင့် အလွယ်တကူ အသုံးမချဘဲ အမှီအခိုကင်းစွာဖြင့် "ဆင်ခြောက်ကောင်" ဟူသော အမှတ်တံဆိပ်ကို သီးခြားတည်ထောင်ခဲ့သည်။
ဆင်ခြောက်ကောင်၏ သမိုင်းတွင် ‘အရည်အသွေး’ သည် လုံးဝအလျှော့အတင်းမရှိသော စံနှုန်းဖြစ်သည်။ မဆလခေတ် ပစ္စည်းကောင်းရှားပါးချိန်တွင်ပင် အရည်အသွေးညံ့ဖျင်းသော သားရေများကို လုံးဝမသုံးဘဲ၊ တစ်ချပ်လျှင် ပေါင် (၂၀) အထက်ရှိသော အရည်အသွေးမြင့် နွားသားရေတင်ပါးသားများကိုသာ ရွေးချယ်သုံးစွဲခဲ့သည်။
၁၉၇၄ ဝန်းကျင် နိုင်ငံခြားကတ္တီပါ ပြတ်လပ်ချိန်တွင်လည်း အခြားလုပ်ငန်းများက ထဘီအဟောင်းနှင့် လိုက်ကာဟောင်းများကို ဆေးဆိုးသုံးစွဲခဲ့ကြသော်လည်း၊ ဆင်ခြောက်ကောင်ကမူ အရည်အသွေးမမီသော ပစ္စည်းဖြင့် လူထုကို မရောင်းလိုသဖြင့် လုပ်ငန်းကို ခေတ္တရပ်နားခဲ့သည်အထိ စေတနာမှန်ကန်ခဲ့သည်။
လုပ်ငန်းစတင်ချိန်က တံဆိပ်သစ်ဖြစ်သည့်အလျှောက် ဖိနပ်တစ်ရံဝယ်လျှင် အောင်ဘာလေထီလက်မှတ် လက်ဆောင်ပေးကာမိတ်ဆက်ခဲ့သည့် Marketing အမြော်အမြင်ကောင်းမှုကြောင့် ထိုခေတ်မှ ယနေ့တိုင် မျိုးဆက်အလိုက် အားပေးကြသည့် Customer မိသားစုများစွာ ရှိခဲ့သည်။
ဦးဟန်သိန်းသည်ဒေါ်တင်တင်အုန်းနှင့် အိမ်ထောင်ရက်သားကျကာ သားသမီး (၁၁) ယောက် ထွန်းကားခဲ့ပြီး၊ မိမိဘဝတစ်လျှောက် တန်ဖိုးထားခဲ့သည့် ရိုးသားမှု၊ စေတနာနှင့် လက်ရာမပျက် အရည်အသွေးစံနှုန်းများကို သားသမီးမျိုးဆက်များထံသို့ အမွေကောင်းအဖြစ် လက်ဆင့်ကမ်းပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့သော်လည်း သူ၏ "ဆင်ခြောက်ကောင်" သည် သမိုင်းတစ်လျှောက် နိုင်ငံတော်အကြီးအကဲများမှသည် သာမန်ပြည်သူများအထိ အလွှာစုံ၏ ခြေလှမ်းတိုင်းကို ယုံကြည်စိတ်ချစွာ သယ်ဆောင်ပေးနေဆဲ ဖြစ်ပါသည်။
“ကျွန်တော့်လုပ်ငန်း အောင်မြင်တာက ပစ္စည်းမှန်ကန်မှု၊အလုပ်အပေါ်စေတနာထားမှု လုပ်ငန်းကျွမ်းကျင်ပြီး လက်ရာလက်သားကောင်းမွန်မှု မိတ်သင်္ဂဟကောင်းရှိမှုတွေပါတာပေါ့။ ပစ္စည်းတွေဘယ်လိုကောင်းကောင်း လုပ်တဲ့သူက စေတနာမထားရင်တော့ အလကားပါပဲ။”
-ဦးဟန်သိန်း(ဆင်ခြောက်ကောင်)